နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Saturday, April 4, 2009

သမ္ပဒါသုတ် - (ပြည့်စုံခြင်း၊ ပြီးစီးခြင်း) ရှစ်မျိုး..

ဒုတိယ သမ္ပဒါသုတ် - (ပြည့်စုံခြင်း၊ ပြီးစီးခြင်း)

ရဟန်းတို့ ပြည့်စုံမှု {သမ္ပဒါ}တို့သည် ဤရှစ်မျိုးတို့တည်း။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ ထကြွလုံ့လနှင့် ပြည့်စုံမှု {ဥဋ္ဌာနသမ္ပဒါ}၊
၂။ စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု {အာရက္ခသမ္ပဒါ}၊
၃။ မိတ်ဆွေကောင်း ရှိမှု {ကလျာဏမိတ္တတာ}၊
၎။ မျှတစွာ အသက်မွေးမှု {သမဇီဝိတာ}၊
၅။ သဒ္ဓါနှင့် ပြည့်စုံမှု {သဒ္ဓါသမ္ပဒါ}၊
၆။ သီလနှင့် ပြည့်စုံမှု {သီလသမ္ပဒါ}၊
၇။ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှု {စာဂသမ္ပဒါ}၊
၈။ ပညာနှင့် ပြည့်စုံမှု {ပညာသမ္ပဒါ}တို့တည်း။

၁...
ရဟန်းတို့ ထိုထကြွလုံ့လနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် အသက်မွေးကြောင်း အလုပ် ဖြစ်သော လယ်လုပ်ခြင်းဖြင့်ဖြစ်စေ ကုန်သွယ်ခြင်းဖြင့် ဖြစ်စေ နွားကျောင်းခြင်းဖြင့် ဖြစ်စေ လေးသမားအတတ်ဖြင့်ဖြစ်စေ မင်း လုလင် အလုပ်ဖြင့်ဖြစ်စေ အခြား အတတ်ပညာ တစ်မျိုးမျိုးဖြင့်ဖြစ်စေ အသက်မွေးမှု ပြု၏၊ ထိုအလုပ်၌ ကျွမ်းကျင် ၏၊ ပျင်းရိမှု မရှိ၊ (ထိုအလုပ်၌) အကြောင်းကို စုံစမ်းတတ်သော ပညာနှင့် ပြည့်စုံ၏၊ ပြုလုပ်ရန်လည်း စွမ်းနိုင်၏၊ စီမံရန်လည်း စွမ်းနိုင်၏၊ ရဟန်းတို့ ဤသည်ကို ထကြွ လုံ့လနှင့် ပြည့်စုံမှု {ဥဋ္ဌာနသမ္ပဒါ} ဟူ၍ ဆိုအပ်၏။

၂...
ရဟန်းတို့ စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားအား ထကြွ လုံ့လကြောင့် ရအပ်ကုန် သော လက်ရုံးအားကိုး ဆည်းပူး အပ်ကုန်သော ချွေးဒီးဒီးကျ ပြုအပ်ကုန်သော တရားနှင့် လျော်ကုန်သော တရားသဖြင့် ရအပ်ကုန်သော စည်းစိမ် (ဥစ္စာ)တို့သည် ရှိကုန်၏၊ ထိုစည်းစိမ် (ဥစ္စာ)တို့ကို {{အဘယ်သို့လျှင် ငါ၏ ဤစည်းစိမ်ဥစ္စာတို့ကို မင်း{အစိုးရ}တို့ မဆောင်ယူကုန်ရာသနည်း၊ ခိုးသူတို့ မဆောင်ယူနိုင်ကုန်ရာ သနည်း၊ မီးမလောင် နိုင်ရာသနည်း၊ ရေမမျော နိုင်ရာသနည်း၊ မချစ်မနှစ်သက်သူ အမွေခံဆိုးတို့ မဆောင်ယူနိုင်ကုန်ရာသနည်း}} ဟု စောင့်ရှောက်ခြင်း လုံခြုံစေ ခြင်းနှင့် ပြည့်စုံစေ၏။ ရဟန်းတို့ ဤသည်ကို စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု {အာရက္ခသမ္ပဒါ} ဟု ဆိုအပ်၏။

၃...
ရဟန်းတို့ မိတ်ဆွေကောင်း ရှိမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် အကြင်ရွာ၌ဖြစ်စေ နိဂုံး၌ဖြစ်စေ နေ၏၊ ထိုရွာ နိဂုံး၌ရှိသော ငယ်သော်လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် ကြီး၍လည်း ကြီးမြင့်သော ကိုယ်ကျင့်ရှိကုန် သဒ္ဓါတရားနှင့် ပြည့်စုံကုန် သီလနှင့် ပြည့်စုံကုန် စွန့်ကြဲခြင်းနှင့် ပြည့်စုံကုန် ပညာနှင့် ပြည့်စုံကုန်သော သူကြွယ်တို့နှင့် ဖြစ်စေ သူကြွယ်သားတို့နှင့်ဖြစ်စေ အတူနေ၏၊ အတူပြောဆို၏၊ အတူဆွေးနွေး၏၊ ယင်းသဒ္ဓါတရားနှင့် ပြည့်စုံသူတို့၏ သဒ္ဓါတရားနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းသီလနှင့် ပြည့်စုံသူတို့၏ သီလနှင့်ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏၊ ယင်းစွန့်ကြဲခြင်းနှင့် ပြည့်စုံသူတို့၏ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့် ၏၊ ယင်းပညာနှင့် ပြည့်စုံသူတို့၏ ပညာနှင့် ပြည့်စုံမှုကို အတုလိုက်၍ ကျင့်၏။ ရဟန်း တို့ ဤသည်ကို မိတ်ဆွေကောင်းရှိမှု {ကလျာဏမိတ္တတာ} ဟု ဆိုအပ်၏။

၎...
ရဟန်းတို့ မျှတစွာ အသက်မွေးမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် စည်းစိမ် (ဥစ္စာ)တို့၏ တိုးပွါးမှု (၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကို လည်းကောင်း သိ၍ {{ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါး မှု (၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ)သည် တိုးပွါးမှု (၀င်ငွေ)ထက် များလိမ့် မည်မဟုတ်}} ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။

ရဟန်းတို့ ဥပမာသော်ကား ရာဇူကိုင်သမားသည် လည်းကောင်း၊ ရာဇူကိုင်၏ တပည့်သည် လည်းကောင်း ရာဇူ (ချိန်ခွင်)ကို မြှောက်၍ {{ဤမျှလောက် အောက် သို့နိမ့်၏၊ ဤမျှလောက် အထက်သို့မြင့်၏}} ဟု သိသကဲ့သို့၊ ရဟန်းတို့ ဤအတူ သာလျှင် အမျိုးကောင်းသားသည် စည်းစိမ်(ဥစ္စာ)တို့၏ တိုးပွါးမှု (၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကို လည်းကောင်း သိ၍ {{ဤသို့ သုံးစွဲ သော် ငါ၏ တိုးပွါးမှု(၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ)ထက် များလိမ့်မည်၊ ငါ၏ဆုတ်ယုတ်မှု (ထွက်ငွေ)သည် တိုးပွါးမှု (၀င်ငွေ)ထက် များလိမ့်မည် မဟုတ်}} ဟု မများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။

ရဟန်းတို့ ဤအမျိုးကောင်းသားသည် တိုးပွါးမှု (၀င်ငွေ)နည်းသည် ဖြစ်ပါလျက် အထက်တန်း ကျသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား {{ဤအမျိုးကောင်းသားသည် သဖန်းသီးကို စားသူကဲ့သို့ စည်းစိမ် (ဥစ္စာ)တို့ကို သုံးဆောင်စားသောက်၏}} ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်းတို့ ဤအမျိုး ကောင်းသားသည် တိုးပွါးမှု (၀င်ငွေ)များသည်ဖြစ်လျက် ငြိုငြင်ဆင်းရဲသော အသက်မွေးခြင်းကို အကယ်၍ ပြုပါမူ ထိုသူအား {{အကြီးအကဲ မရှိသော (အား ထားရာမဲ့) သေခြင်းကဲ့သို့ သေရလိမ့်မည်}} ဟု ဆိုဖွယ်ရာတို့ ဖြစ်ကုန်၏၊ ရဟန်း တို့ အမျိုးကောင်းသားသည် စည်းစိမ်ဥစ္စာတို့၏ တိုးပွါးမှု(၀င်ငွေ)ကို လည်းကောင်း၊ ဆုတ်ယုတ်မှု (ထွက်ငွေ)ကိုလည်းကောင်း သိ၍ {{ဤသို့ သုံးစွဲသော် ငါ၏ တိုးပွါးမှု (၀င်ငွေ)သည် ဆုတ်ယုတ်မှု (ထွက်ငွေ) ထက် များလိမ့်မည်၊ ငါ၏ ဆုတ်ယုတ်မှု (ထွက်ငွေ) သည် တိုးပွါးမှု (၀င်ငွေ) ထက် များလိမ့်မည် မဟုတ်}} ဟုမများလွန်း မနည်းလွန်း မျှတစွာ အသက်မွေးမှုကို ပြု၏။ ရဟန်းတို့ ဤသည်ကို မျှတစွာ အသက်မွေးမှု {သမဇီဝိတာ} ဟု ဆိုအပ်၏။ ရဟန်းတို့ သဒ္ဓါတရားနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

၅...
ရဟန်းတို့ ယုံကြည်မှု သဒ္ဓါတရား ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် သဒ္ဓါတရားရှိ၏၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်၏၊ {{ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း အရဟံ မည် တော်မူ၏။ပ။ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း သတ္ထာဒေ၀မနုဿာနံ မည်တော်မူ၏၊ (သစ္စာလေးပါးကို) သိစေတော်မူသော အကြောင်းကြောင့်လည်း ဗုဒ္ဓ မည်တော်မူ၏၊ ဘုန်းတန်ခိုးကြီး တော်မူသော အကြောင်းကြောင့်လည်း ဘဂ၀ါ မည်တော်မူ၏}} ဟု ယုံကြည်၏။ ရဟန်းတို့ ဤသည်ကို သဒ္ဓါတရားနှင့် ပြည့်စုံမှု {သဒ္ဓါသမ္ပဒါ} ဟု ဆိုအပ်၏။

၆...
ရဟန်းတို့ သီလနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် သူ့အသက်သတ်ခြင်းမှ ရှောင် ကြဉ်၏။ပ။ ယစ်မူးမေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေအရက် သောက်ခြင်းမှ
ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို သီလနှင့် ပြည့်စုံမှု {သီလသမ္ပဒါ} ဟု ဆိုအပ်၏။

၇...
ရဟန်းတို့ စွန့်ကြဲခြင်းနှင့် ပြည့်စုံမှုဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည်။ပ။ တောင်းခံခြင်းငှါ ထိုက်သူ ပေးကမ်း ဝေဖန်ခြင်း၌ မွေ့လျော်သူဖြစ်၍ မစ္ဆရိယတည်း ဟူသော အညစ် အကြေး ကင်းသော စိတ်ဖြင့် အိမ်ကို စိုးအုပ်လျက် နေ၏။ ရဟန်းတို့ ဤသည်ကို စွန့်ကြဲ ခြင်းနှင့် ပြည့်စုံမှု {စာဂသမ္ပဒါ} ဟု ဆိုအပ်၏။

၈...
ရဟန်းတို့ ပညာနှင့် ပြည့်စုံမှု ဟူသည် အဘယ်နည်း၊

ရဟန်းတို့ ဤလောက၌ အမျိုးကောင်းသားသည် ပညာရှိ၏။ပ။ ၀ဋ်ဆင်းရဲကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော မြတ်သော ပညာနှင့် ကောင်းစွာ ပြည့်စုံ၏။ ရဟန်းတို့ ဤသည်ကို ပညာနှင့် ပြည့်စုံမှု {ပညာသမ္ပဒါ} ဟု ဆိုအပ်၏။ ရဟန်းတို့ ပြည့်စုံမှု {သမ္ပဒါ}တို့သည် ဤရှစ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အလုပ်လုပ်ရာဌာနတို့၌ ထကြွ လုံ့လရှိလျက် မမေ့မလျော့မူ၍ အထူးစီမံခြင်းနှင့် ပြည့်စုံသောယောက်ျားသည် မျှတစွာ အသက်မွေးမှုကို ပြု၏၊ ဆည်းပူးအပ်ပြီး သော (ဥစ္စာ)ကို အစဉ် စောင့်ရှောက်၏။ သဒ္ဓါတရားရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ တောင်းခံသူတို့၏ စကားကို သိတတ်၏၊ မစ္ဆရိယကင်း၏၊ တမလွန် ဘ၀၌ ချမ်းသာ ကြောင်း ဖြစ်သော(ကုသိုလ်)လမ်းကို အမြဲ သုတ်သင်၏။

ဤသို့လျှင် ဤတရားရှစ်မျိုးတို့သည် အိမ်ထောင်ဝတ်ကို ရှာမှီးလေ့ရှိသော သဒ္ဓါ တရားနှင့် ပြည့်စုံသူအား မျက်မှောက်ဘ၀၌ အစီးအပွါး အလို့ငှါ လည်းကောင်း၊ တမလွန်ဘ၀၌ ချမ်းသာခြင်းငှါ လည်းကောင်း နှစ်ပါးစုံသော ဘ၀၌ ချမ်းသာကို ဆောင်တတ်ကုန်၏ ဟူ၍ အမည်မှန်ရှိသော မြတ်စွာဘုရားသည် ဟောကြားတော် မူ အပ်၏။

ဤသို့လျှင် လူဖြစ်သော သူတို့အား စွန့်ကြဲမှု {စာဂ} ထိုမှ ကြွင်းသော ကောင်းမှု ကုသိုလ်သည် တိုးပွါး၏ဟု (မိန့်တော်မူ၏)။၇၆

၆ - ဒုတိယ သမ္ပဒါသုတ်၊ ယမက၀ဂ်၊ အင်္ဂုတ္တိုရ်။

ပထမ သမ္ပဒါသုတ်--->

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။