နောင်တချိန် လွယ်ကူစွာ လေ့လာနိုင်ကြပါစေရန် တရားပုံများ၏ comment တွင် တရားစာများပါ ထဲ့ပေးထားပါသည်။






သူတော်ကောင်းတရားများ လွယ်ကူစွာ လေ့လာနိုင်ရန် ဤအ၀ိုင်းလေးများ အတွင်းမှာ တရားစာများ တရားပုံများကို သွပ်သွင်းထားပါတယ် သင်တို့ စိတ်တိုင်းကြ ကူးယူဖြတ်တောက် လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။


Wednesday, April 1, 2009

ကောင်းစွာပြောဆိုအပ်သောစကား...

သုဘာသိတသုတ် - (ကောင်းစွာပြောဆိုအပ်သောစကား)

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်း သုံးနေတော်မူ၏၊

ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟု ခေါ်တော်မူ၏၊

ထိုရဟန်းတို့သည် ...
''အသျှင်ဘုရား'' ဟု မြတ်စွာဘုရားအား ပြန်ကြား လျှောက်ထားကုန်၏၊

မြတ်စွာဘုရား သည် ဤတရားစကားကို ဟောတော်မူ၏-
ရဟန်းတို့ အင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့်ဆိုအပ်သော စကားမဟုတ်၊ အပြစ်မှလည်းကင်း၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်၊

အဘယ်လေးပါးတို့နှင့်နည်း...

ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ...

၁...
ကောင်းစွာ ဆိုအပ်သော စကားကိုသာလျှင် ဆို၏၊
မကောင်းသဖြင့် ဆိုအပ်သော စကားကို မဆို၊

၂...
တရားနှင့် စပ်ယှဉ်သော စကားကိုသာလျှင် ဆို၏၊
တရားနှင့် မစပ်ယှဉ်သော စကားကို မဆို၊

၃...
ချစ်နှစ်သက် ဖွယ် စကားကိုသာလျှင်ဆို၏၊
မချစ်မနှစ်သက်ဖွယ်သော စကားကို မဆို၊

၎...
အမှန်ကိုသာ ဆို၏၊
မမှန်ချွတ်ယွင်းသော စကားကိုမဆို၊
ရဟန်းတို့ ဤအင်္ဂါလေးပါးနှင့် ပြည့်စုံသော စကားသည် ကောင်းစွာ ဆိုအပ်သော စကားမည်၏၊ မကောင်းသဖြင့် ဆိုအပ်သော စကားမဟုတ်၊ အပြစ်မှလည်း ကင်း ၏၊ ပညာရှိတို့ မစွပ်စွဲ မကဲ့ရဲ့ထိုက်ဟု (မိန့်တော်မူ၏)၊

မြတ်စွာ ဘုရားသည် ...
ဤစကားကို ဟောတော်မူပြီးနောက် ဤစကားကို မိန့်တော်မူ၏-

ကောင်းစွာ ဆိုအပ်သော စကားကို မြတ်သော ပဌမအင်္ဂါဟု သူတော်ကောင်းတို့ ဆိုကြကုန်၏၊

တရားနှင့် စပ်ယှဉ်သော စကားကို ပြောဆိုရာ၏၊ တရားနှင့် မစပ်ယှဉ်သော စကား ကို မပြောဆိုရာ၊ ထိုစကားကို ဒုတိယအင်္ဂါဟု ဆိုကြကုန်၏၊

ချစ်နှစ်သက်ဖွယ် စကားကို ပြောဆိုရာ၏၊ မချစ်မနှစ်သက်ဖွယ် စကားကို မပြောဆို ရာ၊ ထိုစကားကို တတိယ အင်္ဂါဟု ဆိုကြကုန်၏၊

ဟုတ်မှန်သော စကားကို ပြောဆိုရာ၏၊ ချွတ်ယွင်းဖောက်ပြန် မဟုတ်မမှန်သော စကားကို မပြောဆိုရာ၊ ထိုစကားကို စတုတ္ထအင်္ဂါဟု ဆိုကြကုန်၏''ဟု မိန့်တော်မူ ၏။

ထိုအခါ အသျှင်ဝင်္ဂီသသည် နေရာမှထ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ် ဝတ်ကို စမ္မယ်တင်လျက် မြတ်စွာဘုရား ရှိတော်မူရာသို့ လက်အုပ်ချီရှိခိုး၍ မြတ်စွာ ဘုရားအား ''မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏၊ မြတ်စွာဘုရား အကျွန်ုပ်၏ ဉာဏ်၌ ထင်လာပါ၏'' ဟု လျှောက်၏၊

"ဝင်္ဂီသ သင်၏ ဉာဏ်၌ ထင်စေလော့'' ဟု မြတ်စွာဘုရားသည် မိန့်တော်မူ၏၊

ထို့နောက်...
အသျှင်ဝင်္ဂီသသည် မြတ်စွာဘုရား၏ မျက်မှောက်၌ လျောက်ပတ်သော ဂါထာ တို့ဖြင့် ချီးမွမ်း၏-

အကြင်စကားဖြင့် မိမိကိုယ်ကိုလည်း မပူပန်စေ၊ သူတစ်ပါးတို့ကိုလည်း မညှဉ်းဆဲ၊ ထိုစကားသာလျှင် ပြောဆိုရာ၏၊ ထိုစကားသည် အမှန်ပင်ကောင်းသော စကား မည်၏။ အကြင်စကားသည် စိတ်နှလုံးသို့ သက်ဝင်၍ နှစ်သက် ဝမ်းမြောက်နိုင်၏၊ အကြင်စကားကို ပြောဆိုသူသည် ယုတ်မာကြမ်းကြုတ်သော စကားတို့ကို မယူ မူ၍ သူတစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာ ပြောဆို၏၊ ထိုသူ တစ်ပါးတို့ ချစ်ခင်နှစ်သက်ဖွယ်သော စကားကိုသာလျှင် ပြောဆိုရာ၏။

မှန်သော စကားသည် စင်စစ် အမြိုက်သုဓာဘုတ်နှင့် တူ၏၊ ဤမှန်သော စကားကို ပြောဆိုမှုသည် ရှေး၌ ဖြစ်သော သဘောတံထွာ ဓမ္မတာတည်း၊ သူတော်ကောင်း တို့သည် ဟုတ်မှန်သော အကျိုးတရား၌ လည်းကောင်း၊ အကြောင်းတရား၌ လည်း ကောင်း တည်ကုန်၏ဟု ဆိုကုန်၏။

မြတ်စွာဘုရားသည် နိဗ္ဗာန်သို့ ရောက်ခြင်းငှါ လည်းကောင်း၊ ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါလည်းကောင်း၊ ဘေးမရှိသော အကြင်စကားကို ဆိုတော်မူ၏၊ ထိုစကား သည်သာ စကားတို့တွင် အမှန်ပင်မြတ်သော စကားတော်ပေတည်း'' ဟု မိန့်တော် မူ၏။

၃ - သုဘာသိတသုတ်၊ မဟာဝဂ်၊ သုတ္တန္တနိပါတ်ပါဠိတော်။ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။